id 2078849897Фотография
အစအဆုံး
◾ ကြက်ဥတစ်လုံး အပြင်မှာ ၇၀၀ လောက်ပေါက်နေချိန်၊ ၅၅၀ နဲ့ ရောင်းပေးတာက …အခြေခံစားသောက်ကုန် ဈေးနှုန်းကြီးမြှင့်တာကို ထိန်းညှိတဲ့ ကြိုးပမ်းမှုတစ်ခုလို့တော့ ယေဘူယျ ပြောလို့ရတယ်။ သဘောကတော့…စားသုံးသူဆီကို တိုက်ရိုက်ရောင်းချတဲ့ စနစ် ပုံစံဖြစ်လို့…အမြတ်ယူမှုတွေကို ဖယ်ရှားပြီး ခြံထွက်ဈေးနှုန်းအတိုင်း လက်ဝယ် အရောက်ပို့ပေးတဲ့ စနစ်ဖြစ်လို့…မဆိုးဘူးလို့တော့ ဆိုရမယ်။
-----
◾ ဒါပေမယ့်…ဒါက ရေတိုဖြေရှင်းနည်းပဲ ရမယ်။ လက်ရှိ ကြက်ဥတစ်လုံး ပေါက်ဈေး ၇၀၀ ဖြစ်ရတဲ့ အဓိက အခြေခံ အကြောင်းတရားကို ဖြေရှင်းနိုင်ဖို့က အရေးကြီးတယ်လို့ မြင်တယ်။ ဈေးကွက်မှာ ကြက်ဥက အခြေခံစားသောက်ကုန်ဖြစ်လို့ လိုအပ်ချက်ကတော့ သားဈေး၊ငါးဈေးတွေထက် မြင့်မားနေမှာပဲ။ ဒီဝယ်ယူနှုန်းကို မှီတဲ့ ထုတ်လုပ်မှု မရှိတော့တာလား။ ကုန်သည်တွေကပဲ သိုလှောင်ပြီး ဈေးကစားနေတာလား …အဓိက အရင်းအမြစ် ပြဿနာကို ရှာဖွေရတော့မယ်။
-------
◾ မြန်မာနိုင်ငံမှာ ဆန်ဈေးကြီးရင်…အိမ်တိုင်ရာရောက်ပို့တဲ့ ရေတိုစနစ်တွေ၊ ကုထုံးတွေ သုံးခဲ့ဖူးတာပဲ။ လူတိုင်းလက်လှမ်းမှီတဲ့ ဈေးကွက်တစ်ခုရှိရင်…အိမ်တိုင်ရာရောက် ရောင်းရတဲ့ စနစ်တွေ ဖြစ်လာစရာလည်း မလိုလောက်ဘူး။ ဒီလို ရေတိုကုထုံးတွေက ရေရှည်အတွက် ဘယ်လောက် အားကိုးရနိုင်လို့လဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေဦးမှာပဲ။
------
◾ ဖြစ်နိုင်တဲ့ ပြဿနာကတော့…ကုန်ကြမ်းစရိတ်မြင့်မားတာနဲ့ သယ်ယူပို့ဆောင်စရိတ် မြင့်မားနေတာမျိုး ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါဆို ကုန်ထုတ်လုပ်မှုစရိတ်ကို သေချာပေါက် လျှော့ချနိုင်ဖို့ ကြိုးစားရတော့မယ်။ တိရစ္ဆာန်အစာဖြစ်တဲ့ ပြောင်း၊ ပဲဖတ်၊ ဖွဲနုတွေကို ပြည်တွင်းမှာဈေးကွက်ကနေ ဈေးနှုန်းချိုချိုသာသာရအောင် ချိတ်ဆက်ပေး နိုင်ရမယ်။ ဆိုလိုတာက…တိရစ္ဆာန်အစာစက်ရုံတွေကို စိုက်ပျိုးရေးကဏ္ဍနဲ့ ချိတ်ဆက် ပေးဖို့လိုလိမ့်မယ်။ ပြည်တွင်းမှာ မထုတ်လုပ်နိုင်တဲ့ ဖြည့်စွက်စာတွေ၊ တိရစ္ဆာန်သုံး ဆေးဝါးတွေကို အခွန်သက်သာခွင့်ပေးနိုင်အောင် လုပ်ပေးပေါ့။ တစ်ဖက်မှာ…ကူးစက် ရောဂါတွေ ကင်းရှင်းအောင်၊ ခေတ်မီမွေးမြူရေးစနစ်အဖြစ်နဲ့အသွင်ပြောင်းနိုင်အောင်၊ မွေးမြူရေးကို အဆင့်မြှင့်တင်နိုင်ဖို့ ငွေကြေးအရ ချေးငွေပေးအပ်တာမျိုးနဲ့ ပံ့ပိုးပေးရတော့ မယ်။
----------
◾ စိုက်ပျိုး/မွေးမြူရေးကို အားထားရမယ့် နိုင်ငံတစ်ခုအတွက်…ကုန်ဈေးနှုန်းလျှော့ချနိုင်ဖို့ ဆိုတာ…မဖြစ်မနေ ကြိုးပမ်းသင့်တဲ့ လက်တွေ့ကျတဲ့ အရာလို့လည်း မြင်တယ်။ မွေးမြူရေးမှာလည်း စနစ်တကျ၊ သက်သက်သာသာ မွေးမြူမှုကနေ အလေအလွင့်မရှိ၊ ထွက်နှုန်း၊ ဥနှုန်းကောင်းတဲ့ မျိုးကောင်းမျိုးသန့်ကနေ ပြည်သူတွေဆီ တိုက်ရိုက် ဖြန့်ဖြူးနိုင်တဲ့အထိ ကွင်းဆက်တစ်ခုလုံးအတွက် စဉ်းစားပေးနိုင်မှပဲ…ဈေးကြီးမှုဒဏ်ကို လျှော့ချနိုင်ပါလိမ့်မယ်။
(နရီမိုး)