ညီညွတ်ကြရန်
အကြောင်းအကျိုးအထွေထွေ အချက်အလက်တို့ကို ရှင်းစေဘို့
`ဒေါင်းအိုးဝေ' တက္ကသိုလ် မဂ္ဂဇင်းဆီသို့
အဆက်ကို မကင်းနိုင်သမို့ သတင်းပို့လိုက်မည်
အိုကွယ်… အထက်နဂိုရ် အရင်းဆီက
မပျက်မပြို မယွင်းပေတဲ့
အသင်းအပင်းဆိုတဲ့ အချင်းချင်း ထိုတပဲ့တို့ မမိုက်ပြီမို့
အလိုက်အထိုက်ညီ။
သြော်… လောဂျိတ် (Logic) ခေတ်ကယ်လို့
ကောလိပ် အဖြစ်တွင်ဖြင့်
တလောစိတ်ညစ်ဘွယ် ဆရာကြုံသနဲ့
ရတနာပုံအနောက်ဘက် တောင်စဉ်စကိုင်းတွင်ဖြင့်
မောင်ရင်မှိုင်းကြီး ဗိုလ်ဝင်ခံပြီး
ဟိုယမန် လက်ရှိသမထ တမျိုးပေပ
ဖိုပလ္လင်ပျံမှာ အဂ္ဂိယ ထိုးရာက
တန်ခိုးပါဝါ အာဏာစက်ကယ်နဲ့
အမျိုးဘာသာ သာသနာအတွက်ကိုဖြင့်
အသက်သေတောင် မသွေမရှောင်ဘူးဆိုတဲ့
ထိုတကဲ့အကောင် သခင်ကလေးတို့ကိုလ
သြော်… ကုလားအရေး စဖို့
ဓားသွေးကြဟဲ့ ဓားသွေးကြဟဲ့လို့
အားပေးကာ ဆရာကူညီသဖြင့်
မြန်ဇမ္ဗူ ဒီခေတ်တသောင်းဆီက
မြင်မြင်ကရာကို အတွင်သာ အုပ်အုပ်ပြီး
အင်ပါယာ သခင်လုပ်ချင်တဲ့
လူရှုပ်ကောင် နယ်ချဲ့အပေါင်းကိုဖြင့်
ဒေါင်းစမုတ်တလှဲ့ တည်အောင်နော်ကွယ်
ဂျောင်းလဟဲ့ ဂျောင်းလဟဲ့နဲ့ … မောင်းထုတ်ခဲ့ပြီ။
သို့လကွာ အဆင်မတဲ့ချင်တော့
တို့ဗမာ သခင်အဖွဲ့ဆီက
အကြင်တပဲ့ အထွေထွေ အလီလီ
အဝေမညီစေဘို့ တကိန်ကိန်အမှောင့် မသေး
အိုကွယ်… အေဘီစီတွေရဲ့ အိမ်စောင့်ခွေး။
ခက်ပဲ ခက်သကွာ
ရှက်လဲ ရှက်စရာပ
လက်ဝဲလက်ျာ အဖြူအနီ လူတရှဉ်းတို့ကြောင့်
အသင်းအပင်းဆိုတဲ့ အချင်းချင်းတွေတောင် မညီညွတ်မူ၍
ပြည်ကျွတ်အောင် အမြီးတထောင်ထောင်နဲ့
အသီးသီး ဟောင်ဟောင်ပြီး
တညီးညီ တပြောင်ပြောင် မီးလောင်တိုက်သွင်းချိန်မို့
ယင်းသို့သောအခါမှာ မင်းတို့ကလဲ သြဇာမညောင်းပြန်တော့
နေဟောင်း ဇာတိ အရင်းပေပေါ့
ချင်းတွင်းကျေး အညာတခိုက
ကလေးရာဇဂြိုဟ်ကိုတောင် တွေးကာအလိုလိုလွမ်းတဲ့ပြင်
မစွမ်းနိုင် မသာမယာဒုက္ခဖြင့်
ဇရာ ဒုဗ္ဗာလအရွယ် ရွံစဘွယ်နှင့်
အလွန်မငယ်တဲ့ (၇၇)နှစ် အတွင်းတွင်မှ
ကျွန်စာရင်း တဖန်တခါ ပြန်ကာရောက်မလားလို့
နောက်တီးနောက်ချာ မခန့်စွာ စိတ်ကယ်နှင့်
ကြောက်လဲကြောက်ခါ လန့်ကာထိတ်မိတဲ့ပြင်
အမယ်မင်း… မြန်မာ့ရန်နှစ်တွေ အရိပ်ပေမို့
တိတ်နှင့် နိမိတ်နှင့် အရာ တွေးတွေးပြီး
သြော်… ဗမာ မြန်ပြေထိပ်ဆိုတဲ့
ဗမာချန်ကေရှိတ်တို့ကြောင့်
စိတ်ဖြင့် ဆရာ မအေး။
-သခင်ကိုယ်တော်မှိုင်း (ရေးသူ)
-လေးချိုးကြီး (အမျိုးအစား)
-ဂန္ထဝင်ကဗျာ/ရိုးရာကဗျာအမှတ်စဉ်(၅၅၃)
21 ·