ChatCrawlersearch across public Telegram Open the app
N

News Of Myanmar Chat

сообщение · 2026-07-22 05:56 UTC
I
Фотография
click to show
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်ရှိ တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံခွဲ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေး ဇူလိုင် ၂၁၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံခွဲ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များသည် စက်ရုံသို့ ရောက်ရှိရာ စက်ရုံဌာနချုပ်ရုံးအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက စက်ရုံသမိုင်းအကျဉ်း၊ ဌာနခွဲများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများ။ စက်ရုံ၏ထုတ်လုပ်နိုင်မှုစွမ်းရည်များ၊ ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံမှထုတ်လုပ်သည့် Utility Vehicles များ၏ စွမ်းဆောင်ရည်များ Utility Vehicles Component ထုတ်လုပ်မှုအဆင့်ဆင့်နှင့် စက်များတပ်ဆင်အသုံးပြုမှု၊ စက်လိုင်းများတည်ထောင်ဆောင်ရွက်နေမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုနှင့် သုတေသနလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်နှင့် မီးသတ်ယာဉ်များသည် တပ်မတော်အတွက်သာမက ဝန်ကြီးဌာနများတွင် အသုံးပြုသည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက်များများ ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်၊ MSME လုပ်ငန်းများ၏ ကုန်ကြမ်းလိုအပ်ချက်များကို ထုတ်လုပ်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ သုံးစွဲသူများ၏ လိုအပ်ချက်များကိုလည်း မှတ်တမ်းများပြုစု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်ပစ္စည်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်၊ စက်ရုံမှထုတ်လုပ်သည့် မော်တော်ယာဉ်များအား ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်များ အပေါ်မူတည်၍ ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် ယခုထက်ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် နည်းပညာမြင့်ကားများ ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆက်လက်သုတေသနပြုဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းမိသားစုများ၏ သက်သာချောင်ချိရေးများကိုလည်း တာဝန်ရှိသူများက ဖြည့်ဆည်းဆောင်ရွက်ပေးရန်စသည့်တို့နှင့်ပတ်သက်၍ လမ်းညွှန်မှာကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ စက်ရုံရှိ ပုံဖိအလုပ်ရုံ၊ ဘို့နှင့် နပ်အလုပ်ရုံနှင့် Tank တပ်ဆင်ရေး အလုပ်ရုံများအတွင်း မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများအား ခေတ်မီစက်ကိရိယာများနှင့် နည်းပညာများ အသုံးပြု၍ ထုတ်လုပ်လျက်ရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် မီးသတ်ယာဉ်၊ ရေသယ်ယာဉ်နှင့် ဆီသယ်ယာဉ်များအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံရှိဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။ အဆိုပါ တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံခွဲ (ရန်ကုန်) သည် ရေဂါလံ ၂၈ဝဝ ဆံ့ (6 x 6) အမျိုးအစား မီးသတ်ယာဉ်၊ ရေဂါလံ ၁၁၀၀၀ ဆံ့ (4 x 2) အမျိုးအစား မီးသတ်ယာဉ်၊ ရေဂါလံ ၂၂၀၀ ဆံ့ (4 x 2) အမျိုးအစား ရေသယ်ယာဉ်၊ ဆီဂါလံ ၄၂ဝဝ ဆုံ (6 x 6) အမျိုးအစား ဆီသယ်ယာဉ်နှင့် ဆီဂါလံ ၂၂၀၀ ဆံ့ (4 x 2) အမျိုးအစား ဆီသယ်ယာဉ်များအား ထုတ်လုပ်လျက်ရှိပြီး တပ်မတော်အတွက်သာမက ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံသို့ လိုအပ်ချက်အပေါ်မူတည်ပြီး ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ထို့ပြင် အဆိုပါစက်ရုံအနေဖြင့် Innlay Jeep နှင့် Innlay Pickup များ ထုတ်လုပ်ရာတွင် လိုအပ်သော Body Press Part များ၊ Frame များနှင့် အခြားလိုအပ်သည့် အစိတ်အပိုင်းများအား ထုတ်လုပ်လျက်ရှိပြီး အဆိုပါအစိတ်အပိုင်းများအား တပ်မတော်အကြီးစားစက်ရုံ (ထုံးဘို) သို့ ပို့ဆောင်၍ Innlay Jeep ယာဉ် အပြီးသတ်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကာ တပ်မတော်အတွက်သာမက အရပ်ဘက်ဝန်ကြီးဌာနများသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။
484 ·

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog