ChatCrawlersearch across public Telegram Open the app
C

Comment Box(Ayeyarwaddy Times)

сообщение · 2026-07-27 12:14 UTC
I
DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ ပြုမူလှုပ်ရှားခဲ့သည့် ဒေါ်မြသန်း အပါအဝင် ၅၄ ဦးကို တရားရုံးက ငွေဒဏ် ကျပ် ၁ သိန်းစီ အမိန့်ချ ဧရာဝတီတိုင်းမ် ဇူလိုင် ၂၇ ရက် မော်လမြိုင်-ရန်ကုန် DEMU အဆင့်မြင့် ရထားပေါ်တွင် ခရီးသည်များကို စိတ်အနှောင့် အယှက်ဖြစ်စေရန် စည်းကမ်းမဲ့ ပြုမူခဲ့သည့် ဒေါ်မြသန်းအပါအဝင် အဖွဲ့ဝင် ၅၄ ဦးအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းစီ ဒဏ်ငွေပေးဆောင်ရန် မော်လမြိုင်မြို့နယ် တရားရုံးက ယနေ့ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ မော်လမြိုင်ဘူတာမှ ရန်ကုန်သို့ ထွက်ခွာသည့် အမှတ် (၈၄) အစုန် DEMU ရထားပေါ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လိုက်ပါလာသည့် အဆိုပါ အမျိုးသမီး အားကစားအဖွဲ့သည် ရထားထိုင်ခုံ လက်တန်းများပေါ်တွင် တွဲလောင်းခိုခြင်း၊ ထိုင်ခုံများပေါ်တက်၍ စည်းကမ်းမဲ့ ကခုန် ဆူညံစွာ သီချင်း ဆိုခြင်း၊ ကြမ်းခင်းတွင် အစားအသောက် များစား၍ လမ်းသွားလမ်းလာများကို ပိတ်ဆို့စေခြင်း လုပ်ဆောင်၍ TikTok ဗီဒီယိုများ ရိုက်ကူးကာ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ အဆိုပါ အာကစားအဖွဲ့သည် ရထားတွဲ သုံးတွဲ၏ ထိုင်ခုံ ၆၀ စလုံးကို တွဲပြတ် ဝယ်ယူစီးနင်းခဲ့ခြင်းဖြစ်ပြီး အများပြည်သူ အန္တရာယ်ဖြစ်စေသည့် လုပ်ရပ်များကြောင့် မြန်မာ့မီးရထားနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီး အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြုမူမှုများသည် ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေ ပုဒ်မ ၈၃ (င) ပါ "ရထားပေါ်တွင် အခြားသူအား စိတ်ငြိုငြင် အနှောင့်အယှက်ဖြစ်စေရန် ပြုမူပြောဆိုခြင်း မပြုရ" ဆိုသည့် တားမြစ်ချက် ကို ဖောက်ဖျက်သဖြင့် ပုဒ်မ ၈၈ (က) အရ အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပုဒ်မသည် ထောင်ဒဏ် ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သောင်းမှ ၁ သိန်းအထိ ငွေ ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် ပြစ်ဒဏ်ဖြစ်ရာ တရားရုံးက ငွေဒဏ် ပမာဏဖြစ်သော ကျပ် ၁ သိန်းစီကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခု ရွေးတုအစိုးရက ပြေးဆွဲပေးနေသည့် DEMU အဆင့်မြင့် ရထားတွဲများသည် NLD အရပ်သားအစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ခုနှစ်ကပင် ဂျပန်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရေးချေးငွေဖြင့် ဂျပန်နိုင်ငံ နီအိဂါတာ ထရန်ဆစ် (Niigata Transys) ကုမ္ပဏီမှ မှာယူဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် စီမံကိန်း ကြန့်ကြာခဲ့ရပြီးနောက် ရွေးတုအစိုးရက မော်လမြိုင်-ရန်ကုန် လမ်းပိုင်းအပါအဝင် လိုင်းတချို့တွင် ပြေးဆွဲလာခြင်းဖြစ်သည်။ ဓာတ်ပုံ-လူမှုကွန်ရက် #DEMU #ရထား #စည်းကမ်းမဲ့ပြုမူ #ဒေါ်မြသန်း #၅၄ဦးကို #တရားရုံး #ငွေဒဏ်ကျပ်၁သိန်း #Ayeyarwaddy_Times
603 ·

Вся лента

Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog