ChatCrawlersearch across public Telegram Open the app
📖

📖စာစုလေးများ📚 chat

сообщение · 2026-07-24 12:23 UTC
I
" ကမ္ဘာတစ်ခြမ်းအကြောင်း " လွမ်းတယ် သတိရတယ် ဒီစကားလုံးတွေထက် ပိုတဲ့ စကားလုံးရှိသေးရင် မြေးပြောချင်တယ် ဖိုးဖိုး။ ကောင်းကင်ပေါ်က ကြယ်ကလေး အဖြစ်ရှိနေမလား လမင်းကြီးပေါ်က ချိုင့်ခွက်လေးဖြစ်နေမလား နတ်သားကြီးဖြစ်နေမလား ခုချိန်မှာဘာဖြစ်နေမလဲ သေချာမသိဘူး။ မသေချာတာတွေထဲကမှ သေချာတာတစ်ခုကကောင်းတဲ့ အရပ်မှာရှိနေမယ်ဆိုတာပါပဲ အသွေးထဲ အသားထဲကကို မြေးယုံပါတယ်။ အခုအချိန် အဖိုးများရှိရင် မြေးနဲ့အတူ အရင်လို လက်ဆွဲလို့ညနေတိုင်း လမ်းလျှောက်မုန့်ဝယ်နေလေအုံးမလား ငါ့မြေးက သိပ်တော်တာလို့ ဝံ့ကြွားနေလေအုံးမလား ဖေဖေ မေမေတို့ ဆူတိုင်း ဝင်ကာကွယ် ပေးလေအုံးမလား။ တွေးမိတိုင်း အရင်ကပုံရိပ်လေးတွေက မျက်ဝန်းအိမ်ထဲပြန့်လွင့်နေတယ်။ အိမ်အပေါ်ထပ်က အန်တီကြီးတွေနဲ့ တွေ့ရင်တော့ အဖိုးကိုသိပ်သတိရတယ်။ ဒိန်ချဥ်ဆိုင်က အန်တီကြီးကလည်း ဒိန်ချဥ်သွားဝယ်တိုင်းအဖိုးအသည်းကျော်လေးလို့ ခေါ်တုန်းပဲ။ သရက်သီးအမှည့်တွေဆိုမစားမိအောင် ရှောင်တာ ၅နှစ်ရှိပြီ အဖိုး။ ညဘက်၂ယောက်အတူထမင်းစားတဲ့ အချိန်တွေကိုသတိရတယ်။ လူတစ်ယောက်မရှိမှ အဲ့ဒီလူရဲ့တန်ဖိုးကို နားလည်တယ်ဆိုတာလည်းသိပ်မှန်တယ်။ နောင်တတွေကို ကြောက်တယ် မရှိတော့မှရတဲ့ နောင်တတွေကိုသိပ်ကြောက်တယ်။ အဲ့ဒီနေ့ကိုသိပ်ကြောက်တယ် နောက်ဆုံးအိပ်မက်တွေကို သိပ်ကြောက်တယ်။ ရယ်သံတွေနဲ့ အပြုံးချိုချိုတွေ နူးနူးညံ့ညံ့ မတောင်းပဲ အမြဲရနေတဲ့ မေတ္တာတွေကို မေ့မသွားအောင်သတိပေးရတယ်။ ငါမြေ့ဘွဲ့ရမှသေမှာဆိုတဲ့ စကားကိုလည်း မှတ်ထားတုန်းပဲ ဓါတ်ပုံတွေလည်း သိမ်းထားတုန်းပဲ အမှတ်တရတွေကိုလည်း မှတ်ထားတုန်းပဲ ပုံရိပ်တွေကိုလည်းမေ့မပစ်နိုင်သေးဘူး။ တချို့က ကိုယ်ဝမ်းနည်းနေတာကို လူတွေသိအောင် ပြတတ်ပေမဲ့လို့ အဖိုးမြေးကတော့ ကျိတ်ခံစားနေကြမလို့ ညဘက်တွေ ခိုးခိုးငိုတာလူမသိပါဘူး။ အခု အဖိုးမြေးရဲ့ အနာဂါတ်အတွက် လျှောက်နေတဲ့ လမ်းတွေကို ဘယ်ကများကြည့်နေလေမလဲ သဘောရောတွေ့ရဲ့လား။ ကဗျာဆရာပေါက်စလုပ်လို့ လူဝန်ဆန့်အောင် စကားတွေအများကြီးလည်း စိတ်ရှည်သည်းခံပြီး ပြောတတ်နေပြီ ကဗျာဆရာသူငယ်ချင်းတွေအများကြီးရနေပြီ ကဗျာတွေ အများကြီးရေးနေပြီ ကာရံတွေစပ်တတ်အောင်သင်နေပြီ ဖေဖေမသိပေမဲ့ အဖိုးသာရှိရင် မြေးပထမဆုံးပြောပြမဲ့လူကအဖိုးပဲ။ စာတွေ အများကြီးကြိုးစားလုပ်နေတယ် အဖိုးရဲ့ ဆုံးမမှုအောက်မှာနေခဲ့တုန်းကအတိုင်း လိမ္မာယဥ်ကျေးစွာနေထိုင်နေတယ်။ ဖေဖေငိုတာကို အဖိုးသေမှ မြေးပထမဆုံးမြင်ဖူးခဲ့သလို ချွေးမဖြစ်သူမေမေ့ရဲ့ အဖိုးကိုသတိရကြောင်း ခဏခဏပြောတဲ့ အသံကိုလည်း ခုထိကြားနေရဆဲပဲ။ အဲ့နေ့က ပထမကမ္ဘာစစ်ဖြစ်သလိုပဲ မြေးရင်ထဲမှာ စစ်တွေဖြစ်နေခဲ့တယ်။ အချိန်ကာလပေါင်းများစွာ ကြာမှ ပုံမှန်စိတ်တွေနဲ့အိပ်နိုင်ခဲ့တယ် ထမင်းစားနိုင်ခဲ့တယ်။ အဲ့ဒီနေ့က မြေးရဲ့ ကမ္ဘာဟာ တစ်ခြမ်းပြိုခဲ့ရပါပြီ အဖိုး။ နောက်တစ်ခြမ်းကိုတော့ အပြိုမခံနိုင်သလို အကယ်၍ ထွက်သွားရမယ်ဆိုရင်လည်း အားလုံးထက် စောအောင်ထွက်သွားချင်ပါတယ်။ ကျန်နေရတဲ့ လူမဖြစ်ချင်ဘူး ချန်ထားခဲ့ရတဲ့ လူပဲဖြစ်ချင်တယ် ဒါမှပဲမျက်ရည်တွေ ခမ်းမှာမလို့ပါ။ မြန်မာလူမျိုးဖြစ်တဲ့အတွက် နောက်ဘဝဆိုတာကို ယုံကြည်တယ်။ အကယ်၍ နောက်ဘဝမှာ ၂ယောက်လုံးက လူဖြစ်မယ်ဆိုရင်တော့ မြေးအဖိုးတွေ အဖြစ်ပဲ မွေးဖွားဖြစ်တည်ချင်ပါတယ်။ - လိပ်ပြာ ၂၇၊ ဧပြီ၊ ၂၀၂၆ ( ၉နာရီ ၂၂မိနစ် ည )
229 ·

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog